စီးပွားရေးလုပ်ငန်းတိုင်းမှာ Internal (လုပ်ငန်းအတွင်းပိုင်းလည်ပတ်ခြင်း) နှင့် External (ပြိုင်ဘက်နှင့်ဈေးကွက်) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ ဒီနေ့မှာတော့ လုပ်ငန်းအတွင်းပိုင်းလည်ပတ်ခြင်းအတွက်
အရေးပါတဲ့အကြောင်းအရာတွေထဲက အချက် (၉) ချက်ကိုတင်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်ရှာချင်တဲ့ ငွေပမာဏ စိတ်ထဲတိကျစွာရှိပြီလား?
လူသားတို့လုပ်ဆောင်ချက်ဆိုတာ စိတ်ထဲမှာရှိတာကို လက်တွေ့လုပ်ယူကြတာပါ။ စိတ်ထဲမှာ ပြင်းပြစွာ ရှာချင်တဲ့ ပမာဏတစ်ခု ရှိမနေဘူးဆို၊ လက်တွေ့ဘဝမှာ သင်ဝေဝါးနေပါလိမ့်မယ်။ တစ်နှစ်အတွင်း ကိုယ်ရှာချင်တဲ့ ပမာဏကိုချရေးပြီးရင် ရအောင်ရှာ။ နောက်နှစ် ပမာဏသစ်တစ်ခုချရေး ရအောင်ရှာ။ ပိုက်ဆံတစ်ခုထဲနောက်တော့မလိုက်ပါနဲ့
ကိုယ်ပျော်ရွှင်မယ့်ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ဖြတ်သွားရင်း ဘဝကိုရှင်သန်ပါ။

၂။ သင့်ကိုယုံကြည်သူတွေရှိပြီလား?
ဘော့စ်တစ်ယောက်လို လက်ညိုးထိုး ခိုင်းနေတာတစ်ခုထဲနဲ့တော့
အောင်မြင်လာမှာမဟုတ်ပါဘူး။ သင့်ရဲ့အိပ်မက်တွေကို
လူတွေနားလည်လာအောင်၊ ယုံကြည်လာအောင် ကြိုးစားပါ။
တကယ်နားလည်ပြီး ယုံကြည်သူတွေဟာ သူတို့ကိုယ်တိုင်ပျော်ရွှင်စွာ
သင့်ကိုကူညီရင်း ပန်းတိုင်တွေကို တူတူချီတက်ဖို့ အဆင့်သင့်ဖြစ်နေကြမှာပါ။

၃။ သင်ယုံကြည်ရသူရှိပြီလား?
ဘယ်သူယုံကြည်ရတယ်၊ ဘယ်သူအားကိုးရတယ်ဆိုတာ အချိန်ကပြောပြမှာပါ။ စနစ်တကျ ကြည့်နေဖို့ပဲလိုတာပါ။

၎။ လူမှန်နေရာမှန်ပြီလား?
ယုံကြည်ပြီးအားကိုးရတဲ့ အဖွဲ့ခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီး၊ တာဝန်ခံမှုနဲ့ ချီးမြှင့်မှုကို တခါတည်းတွဲထည့်ပေးလိုက်ပါ။

၅။ မိုင်ထောင်ချီခရီးလဲ ခြေတလှမ်းနဲ့စရတာကို မမေ့ပါနဲ့။
လုပ်ငန်းအကြီးကြီးဆိုတာ မရှိဘူး။ လုပ်ငန်းစဉ်သေးသေးလေးတွေ
အများကြီးပေါင်းထားတာတော့ရှိတယ်။ အမြင့်ဆုံးကိုတွေးပါ၊
လှေကားတထစ်ခြင်းတက်ဖို့တော့ ဘယ်တော့မှမမေ့နဲ့။

၆။ ပြည့်စုံခြင်းကို တစ်ရက်ထဲလုပ်ယူလို့ရလား?
ကောင်းတဲ့အစီအစဉ်တွေကို အစွမ်းရှိသမျှ ပြင်ဆင်ပါ။ အမှားကင်းမယ်တော့ မထင်လိုက်နဲ့။ အမှားနည်းအောင်လို့ပါ။ မှားလိုက်ပြင်လိုက်နဲ့ ပြည့်စုံခြင်းတွေ သင့်ထံအလည်လာလိမ့်မယ်။ သူ့ကိုကြာကြာနေစေချင်ရင် အရင်ကထက် အနည်းဆုံး နှစ်ဆကြိုးစားရမယ်။ သူဘယ်လောက်ကြာကြာနေမလဲဆိုတာ သင်ဘယ်လောက် ပိုကြိုးစားသလဲပေါ်မှာပဲမူတည်တယ်။

၇။ အခက်အခဲဆိုတာ အောင်မြင်သူတိုင်းရဲ့ ဘဝအစိတ်အပိုင်းပါ။
တောရှုပ်လေ ထင်းရလေပဲ။ ဓားထက်ဖို့ပဲလိုတာပါ။ ကိုယ့်ဓားထက်ဖို့တော့ ဘယ်နေရာမှာ၊ ဘယ်လိုသွေးရမလဲ သေချာရှာပြီး၊ အမြဲသွေးနေဖို့တော့လိုတာပေါ့။ နိုင်ငံတကာနဲ့ပြိုင်ရမယ့် ခေတ်ရောက်နေပြီ။

၈။ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမရှိဘူး။
ဘယ်ချိန်မှာတွဲပြီး၊ ဘယ်ချိန်မှာ ခွဲသင့်လဲ သိမှ ရေရှည်ရှင်သန်နိုင်မယ်။

၉။ စီးပွားရေးဆိုတာဘာလဲ?
စီးပွားရေးဆိုတာ သင့်မှာရင်းနှီးမတည်ငွေ ရှိလိမ့်မယ်၊ ဘယ်တော့မှ မဆုံးရှုံးစေနဲ့၊ အမြဲတိုးပွားအောင်လုပ်နေ တနေ့ချမ်းသာလာလိမ့်မယ်။
ဒီ (၃) ချက်မပြည့်စုံသူတိုင်း မချမ်းသာဘူး။

ကိုယ်ပိုင်စီးပွားလုပ်သူတွေအတွက် အကြီးမားဆုံး အဟန့်အတားဟာ သင်ကိုယ်တိုင်ပဲ။ သင်ကိုယ်တိုင်မပြောင်းလဲဘဲ၊ ပြောင်းလဲတဲ့ ရလဒ်တွေကို ဘယ်မှာသွားရှာတွေ့မှာလဲ...?
-BPS-
-BPS-

No comments:
Post a Comment
Note: Only a member of this blog may post a comment.